ကျောက်တန်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုးမျိုးစပါးများအား အသင်းသားတောင်သူများထံ ထောက်ပံပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးကောင်းမျိုးသန့်စပါးများကို အသင်းသားတောင်သူများထံ ထောက်ပံ့ပေးအပ်ဖြန့်ဖြူးခြင်းကို ကျောက်တန်းမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်၊ ဦးစီးမှူး ဒေါ်တိုးတိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းစိုးခေါင်းဆောင်သည့် အဖွဲ့တို့မှ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၅) သင်းရှိ အသင်းသားတောင်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ အထွက်တိုးမျိုးစပါးများအား အသင်းသားတောင်သူများထံ ထောက်ပံပေးအပ်ခြင်းဖြင့် တောင်သူတို့အတွက် အထွက်တိုးမျိုးစပါးစိုက်ပျိုးရန် မျိုးစပါးရရှိဖို့ ပူပင်စရာ မလိုသည့်အတွက် စားနပ်ရိက္ခာဖူလုံပြီး လူနေမှုဘ၀ဖွံဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
သန့်ဇင်ထွန်း