၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သုံးခွ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.ထ.က(၂)ကျောင်းမှ ကျောင်းသား/သူများက ကျောင်းအပ်နှံရေး သီတင်းပတ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ နိုင်ငံတစ်ဝှမ်းလုံး မူလတန်းမသင်မနေရ ပညာရေးစနစ်ကို အစပျိုးခဲ့ပြီး ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်တွင်(အခမဲ့) အလယ်တန်းပညာရေးစနစ်၊ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်မှာတော့ အထက်တန်းထိ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင်များ၊ ကျောင်းဝတ်စုံများကို ထောက်ပံပေးခဲ့ပြီး အမှန်တကယ်ကျောင်းနေရန် ခက်ခဲပြီး ဆင်းရဲချို့တဲ့သော ကျောင်းသား/သူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးပေးခဲ့တာ ယနေ့ထိပင်ဖြစ်ပါကြောင်း စသည်​ဖြင့် ပြောကြားပြီး မြို့နယ်ပညာရေးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဆရာမကြီး ဒေါ်ဆန်းဆန်းဌေးမှ ကျောင်းနေအရွယ်ကလေးကျောင်းနေရေး လုပ်ငန်းအစီအစဥ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ (အခမဲ့) ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်းဌေးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် အ.ထ.က (၁) ကျောင်းမှ ကျောင်းသား/သူများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)