နေပြည်တော် မေ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ချောင်းမကြီးရေလှောင်တမံသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော မြေသားတမံအား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှု၊ ရေဖိအားလျှော့တွင်းများ တူးဖော်နေမှုနှင့် ရေစစ်ကျောက်ရိုးထပ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေရှည်ခိုင်ခံ့မှုရှိအောင် ပြုပြင်ရေး၊ မိုးရွာသွန်းမှုကြောင့် ထက်မံထိခိုက်မှုများ၊ အန္တရာယ်များမဖြစ်ပွားစေရေး အမြဲမပြတ် စောင့်ကြည့်ရန်နှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရေး၊ ရေထုတ်ချောင်းများ၊ မြောင်းများအား ရေစီး၊ ရေလာ ကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ထားရန်တို့အား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဥတ္တရသီရိမြို့နယ် သီရိရတနာလမ်း၊ မန္တလေးလမ်း၊ ကျိုင်းတုံလမ်းနှင့် ရာဇသင်္ဂဟအိမ်ရာ (၂)များသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေပိုက်လိုင်းများလမ်းကြောင်းတစ်လျှောက် အမြဲမပြတ် စစ်ဆေးပြုပြင်နိုင်ရေး၊ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၂၃)တွင်ပြုလုပ်သည့် အလားအလာကောင်းသော ပဲတီစိမ်းမျိုးလိုင်းများ၏ ဖြစ်ထွန်းမှုအား တောင်သူများနှင့်အတူ အကဲဖြတ်ရွေးချယ်လေ့လာခြင်း ကွင်းပြပွဲသို့သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအား တိုးမြင့်နိုင်ရေး ပင်လောင်းလမ်းဘေးစိုက်ကွင်းများအား မိုးစပါးစိုက်ပျိုးပြီးလျှင် ဆီထွက်သီးနှံအထူးဇုန်ဖြင့် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာအား တောင်သူတိုင်း ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးနိုင်ရေးမှာကြားပြီး နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသော တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပဲတီစိမ်း၊ နှမ်းနှင့်နေကြာမျိုးစမ်းသပ်စိုက်ကွက်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပင်လောင်းလမ်းဘေးတွင် ဆိုလာရေတင်စနစ် ခြောက်လက်မစက်ရေတွင်းများတူးဖော်ထားရှိမှု၊ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက Camp များတွင် စခန်းသွင်းသင်ကြား လေ့ကျင့်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ Camp ဝင်ရောက်မှုမရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း Camp များသို့ ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စည်းရုံးဆောင်ရွက်သွားရေး၊ စာမေးပွဲပြန်လည်ဖြေဆိုသည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေး၊ ကျောင်းပတ်ဝန်းကျင်လုံခြုံရေးနှင့် လျှပ်စစ်မီးမပြတ်တောက်စေရေး၊ စခန်းသွင်းလေ့ကျင့်သင်ကြား နေစဉ်နှင့် စာမေးပွဲပြန်လည် ကျင်းပစဉ်ကာလအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများမှ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဖြည့်ဆည်းကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)