ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အဘိတ်‌ဆေးခပ်ခြင်း ဆောင်ရွက်

ဒဂုံအရှေ့ မေ ၂၆

ရန်ကုန်တိုင်းဒေသ ဒဂုံမြို့သစ်ကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက အမှတ်(၁၀၈)ရပ်ကွက်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် လူနေအိမ်များတွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မိုးရာသီကာလအတွင်း ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ နေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအတွင်းသို့ အဘိတ်ဆေး(Abate)ခပ်ခြင်း လုပ်ငန်းများကို တစ်အိမ်တက်ဆင်းဆောင်ရွက်ပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇွဲမင်းထက်