ဒေါပုံ မေ ၂၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဗိုလ်တထောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာပြောကြားခဲ့ပြီး ဒေါပုံမြို့နယ် ပညာရေးမှူးဒေါ် နိုင်နိုင်ဦးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်းနှင့် ကျောင်းသန့်ရှင်းရေးသုံးပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဒေါပုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မေလ ၂၂ ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ကျောင်းအပ်နှံပြီးသူ (၄၈၆၉၀) ဦး ရှိခဲ့ပြီး ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်းကျော် ပိုမိုအပ်နှံခဲ့ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)