ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ ဧက ၂၃၀ စိုက်ပျိုးအောင်မြင်ကာ တစ်တင်း ၁၅၀၀၀၀ ကျပ်ရောင်းချနေရ

ညောင်ဦး မေ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်း စိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေသောကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်အဆင်ပြေနေကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက် ဧက ၂၃၀ ဧကရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းတွေ ကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်က နွေပဲတီစိမ်းပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၉၅၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ် နွေပဲတီစိမ်းပေါ်ချိန် ၁၅၀၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။ နွေပဲတီစိမ်း စတင်စိုက်ပျိုးခြင်းအား မတ်လလယ် လောက်တွင် စတင်ကြဲပက်စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ၄၅ ရက်ရှိလျှင် ပဲတီစိမ်းအဖူး၊ အပွင့်များ စတင်ပွင့်ပြီး ရက် ၆၀၊ နှစ်လပြည့်လျှင် စတင်ဆွတ်ခူးရကြောင်း ထွက်ရှိလာသည့် နွေပဲတီ စိမ်းများအား ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့များရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှ ရေသွင်းခတစ်ဧကလျှင် နွေပဲတီစိမ်း တစ်သီးပြီးသည် အထိ ၃၀၀၀ ကျပ် ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေ ငါးကြိမ်၊ ခြောက်ကြိမ်အထိ ရေသွင်းပေးရကြောင်း ကျောက်ကူးမြစ်ရေတင် တာဝန်ခံ (AE) ဦးလှမင်းထက်က ပြောကြား၍ သိရကာ နွေပဲတီစိမ်း ထွက်ရှိရောင်းချနေရကာ ပဲတီစိမ်း တစ်တင်း ၁၅၀၀၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့် ပဲတီစိမ်းစိုက်ပျိုး တောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သိရပြီး ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်၊ ဆိုလာလျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းများအား ကျောက်ကူး မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ် ရေတင်တို့ဖြင့် နွေပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းပြီး ဆွတ်ခူးရောင်းချချိန် ဈေးကောင်း ရရှိလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း