ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ချမ်းအေးသာစံ မေ ၂၆

ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည်   တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ ၁၀ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူထိပ်ရတနာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအား  ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်မှ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့သည်။

ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်မှ ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းသားတစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့် ကျောင်းသားစုစုပေါင်း(၁၁၂)ဦး တို့အား ပေးအပ်ခဲ့ပြီး ယူနန်ဗုဒ္ဓဘာသာကျောင်းမှ ဦးဝင်းကျော်နှင့်အဖွဲ့သည် ခေါက်ဆွဲဘူးများ၊ ရေသန့်များ၊ ခြင်ဆေးခွေများနှင့် အားဖြည့်အချိုရည်များကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းအတွင်း ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

 ချမ်းမြေ့မောင်