ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပုသိမ်ကြီး မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီး အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။

အစီအစဥ်အရ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူလေးများမှ “တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြပါစို့” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အောင်မြေသာစံခရိုင် ပညာရေးမှူး ဦးသိန်းဒန်က ကလေးသူငယ်အားလုံး ကျောင်းအပ်နှံရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်ခဲတံ၊ ကျောင်းဝတ်စုံများကို မြို့နယ်တာဝန်ရှိသူများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား အသီးသီး ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်တွင်းရှိ Grade - 12 စာမေးပွဲဖြေဆိုရန် camp ဝင်နေသည့် ကျောင်းသား ကျောင်းသူများအား အကြမ်းတွက်ချက်ရေးမှတ်နိုင်ရေးအတွက် စာရွက်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများကို “မိုးဦးအလှစိမ်းစိုမြ” တေးသီချင်းဖြင့် ကျောင်းသား ကျောင်းသူများက သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)