ကျောက်ဆည် မေ ၂၆
ပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျဝင်းက လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကြိုးစားသင်ယူကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်နွယ်နီအောင်နှင့် ဒေါ်သဲဆုအောင်တို့က ဘက်စုံသုံးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ တရော်ကင်ပွန်းခေါင်းလျှော်ရည်နှင့် မျက်နှာသစ် ဆပ်ပြာခဲ ပြုလုပ်နည်းတို့ကို သင်တန်းသား (၂၀) ဦးအား ၂၀၂၅ခုနှစ်၊ မေလ (၂၆) ရက်နေ့မှ မေလ (၃၀) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး