နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်း

ချမ်းအေးသာစံ မေ ၂၆

၂၀၂၅ ခုနှစ် မေလ ၁၉ ရက် နှင့် ၂၀ ရက် နေ့များက ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မေလ(၂၄)ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံပြောကြားရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထိရောက်အောင်မြင် စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံပြောကြား ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်း ချက်များပြည့်မီရေး နိုင်ငံတော်၏  မူဝါဒများကို အောင်မြင်စွာအကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍများအလိုက် ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး အချိတ်အဆက်မိမိဖြင့် အကောင်းဆုံး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တင်ပြလာ သည့် စာရင်းဇယားများ တိကျမှန်ကန်ရေး ဂရုပြုကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် နေသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် နိုင်ငံတော်၏ မူဝါဒများ၊ ရည်မှန်းချက်များအတိုင်း လေးစားလိုက်နာကာ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေး အကြံပြု ပြောကြားပြီးနောက် လုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်