ဇေယျာသီရိ မေ ၂၆
နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာအတွင်းမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် တိုင်းရင်းဆေး ဆရာ/ဆရာမများကကွင်း ဆင်းဆေးကုသပေးခြင်းဖြစ်ပြီး နေပြည်တော်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးနှင့်အဖွဲ့မှ ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာမှ ဆေးကုသမှုခံယူသူ ၁၀၄ ဦးအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများ ကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့သည်။
ထိုသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးရာနေရာသို့ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)