ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ရန်ကုန် မေ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် မန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်စေတီတော်၊ ဆိပ်ကမ်းဓမ္မာရုံတွင် မေ (၈) ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဇွန် (၁၄) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှုအားပေးသည်။

ထို့သို့ သွေးလှူဒါန်းရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/တက္ကသိုလ်/ကောလိပ်/သိပ္ပံ၊ ကြက်ခြေနီအသင်းခွဲများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွေးလှူဒါန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သွေးလှူဒါန်းနေသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ သွေးလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ဆက်၍ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းရရှိသည့်သွေးအိတ်များကို အမျိုးသားသွေးဌာနတွင် ထိန်းသိမ်းထားရှိကာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ ခွဲစိတ်ကုသမှုခံယူသူများ၊ သွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များနှင့် သွေးလိုအပ်သည့် ပြည်သူများထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)