ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ နောင်တောင်း ဗုဒ္ဓကောလိပ် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်

ဟိုပုံး မေ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နောင်တောင်း ဗုဒ္ဓကောလိပ် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ဒေသခံပြည်သူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ရတနာ(၃)ပါးကို ရှိခိုးကန်တော့၍ တောင်ကြီးမြို့၊ အေးစေတီ ဆရာတော်ကြီးထံမှ (၅)ပါးသီလ ခံယူဆောက်တည်သည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က ဘဝတုသဗ္ဗမင်္ဂလံ(၃)ဂါထာတော်တို့ဖြင့် ပရိတ်တရားတော်များ ချီးမြှင့်တော်မှုသည်။ ယင်းနောက် တောင်ကြီးမြို့ ပအိုဝ်းဝိသာခါဓမ္မစကြာအဖွဲ့မှ ဂုဏထောမနာကဗျာများဖြင့် ဂုဏ်ပြုပူဇော်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရနှင့် ဝိုင်အမ်ဘီအေအဖွဲ့ကြီးမှ ကပ်လှူပူဇော်သောဘွဲ့ခံဆရတော်များအား ဘွဲ့တံဆိပ်တော်များနှင့် အလှူငွေများကိုလည်းကောင်း၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်အသီးသီးမှ (ဘီအေ/အမ်အေ၊ ဒီပလိုမာ) ဘွဲ့ရသံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်များကိုလည်းကောင်း၊ နောင်တောင်းဗုဒ္ဓကောလိပ်၊ ဗုဒ္ဓဓမ္မလောကဟိတ(ဘီအေ)ဘွဲ့ရသံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ နောင်တောင်းဗုဒ္ဓကောလိပ်၊ ဗုဒ္ဓဓမ္မလောကဟိတ(ဒီပလိုမာ)ဘွဲ့ရ သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဟမ်းဆီးဓမ္မတေးအဖွဲ့မှ ဓမ္မတေးများဖြင့် ဂုဏ်ပြုပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)