ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဒက္ခိဏခရိုင် ပြည်သူစာကြည့်တိုက်တွင်ကျင်းပသည့် နေပြည်တော်စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ ၂၆

နေပြည်တော်စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (စာရေးဆရာ ကိုကိုလှိုင်)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး(စာရေးဆရာ မြင့်စိုး နတလ)၊ အမျိုးသားစာပေဆုရ စာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ နေပြည်တော်စာပေဝိုင်းနာယကဆရာမကြီး တင်ရီမ(ညောင်ဦး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ  နေပြည်တော်စာပေဝိုင်းဂုဏ်ထူးဆောင်နာယက၊ ပခုက္ကူ ဦးအုံးဖေ စာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)က စာဖတ်ရှိန်မြှင့်တင်ခြင်းဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြတ်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကာ အနာဂတ်တွင်အားထားရသည့် လူငယ်များဖြစ်လာစေရန်အတွက် ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ဩဝါဒအမှာစကားပြောကြားပြီး အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် စာရေးဆရာ၊ ဆရာမ(၄)ဦး အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် အမျိုးသားစာပေဆုရ စာရေးဆရာ စိုးတင့်(ဧရာဝတီ)က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်(စာရေးဆရာ ကိုကိုလှိုင်)၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး တက်ရောက်လာကြသည့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများက အသီးသီး မိတ်ဆက်ဂါရဝပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်(စာရေးဆရာ ကိုကိုလှိုင်)က မြန်မာ့အရေး၊ ကမ္ဘာ့အရေးနှင့် စာရေးဆရာများ၏ တာဝန်ခေါင်းစဉ်ဖြင့် စာပေစကားဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး (စာရေးဆရာ မြင့်စိုး နတလ)က ဘဝအတွေ့အကြုံဆိုင်ရာ မိတ်ဆက်စကားပြောကြားခဲ့ပြီး နေပြည်တော်စာပေဝိုင်းနာယက ဆရာမကြီး တင်ရီမ (ညောင်ဦး)က ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)