တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

တိုက်ကြီး မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးသီတင်းပတ် သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က အဖွင့်အမှာစကား အသီးသီးပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးဒေါ်စန္ဒာဦးက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေး အခမ်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ခြင်း၊ အလှူရှင်များက သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မြို့နယ်ပညာရေးမှူး ဒေါက်တာမိုးစန္ဒာသိန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(တိုက်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများက လုံချည်စိမ်းနှင့်အင်္ကျီဖြူသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ဝတ်ရည်(တိုက်ကြီး)