မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ရွာသစ်တိုက်နယ်အတွင်းရှိပြည်သူ (၈၀၀) ကျော်အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့

အိမ်မဲ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အ.ထ.က ရွာသစ်ကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများကကွင်းဆင်း၍ ရွာသစ်တိုက်နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က စတင်ကကုသပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆေးကုသပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဆေးရုံအုပ်ကြီးဦးဆောင်၍ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် နှား/နှာခေါင်း/လည်းချောင်း အထူးကုဆရာဝန်တို့ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့သည် ၂၀၂၅ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရွာသစ်တိုက်နယ်ရှိဒေသခံပြည်သူ့များအား ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခဲသည်။

ထိုကဲသို့ကုသပေးခဲ့ရာ၌ အထွေထွေရောဂါလူနာ (၂၂၃) ဦး၊ သားဖွားမီးယပ် လူနာ(၃၆)ဦး၊ ကလေး ရောဂါလူနာ (၄၆) ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ (၂၃၃) ဦး၊ မျက်စိလူနာ (၁၆၉)ဦး၊ နား၊နှားခေါင်းလည်ချောင်းလူနာ (၅၆) ဦး၊ အရေပြားဆိုင်ရာလူနာ (၅၀)ဦး၊ သွားဘက်ဆိုင်ရာလူနာ(၄၀)ဦး တို့ကို ကြည်ရှုကုသပေးခဲ့ပြီး၊ လူနာ (၅၈)ဦးအား ပြည်သူဆေးရုံကြီး မြောင်းမြမြို့၌ လိုအပ်သော ကုသမှုများဆက်လက်ဆောင်ရွက်နိုင်ရန် ညွှန်းပို့စီစဉ်ခြင်း ဆောင်ရွက်ခဲ့သည်။ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခြင်းနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)