ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် မေလ ၂၃ ရက်နေ့နံနက်ပိုင်းအချိန်က ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၁၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အထက်တန်းကျောင်း (၆)ကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်းမှ Grade (12) တန်းအထိ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကျောင်းအပ်နှံသည့်အခါ၌ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံနှင့် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ အဖြု၊ အစိမ်းတစ်စုံစီ စသည့်ပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)