လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

လှိုင်ယာယာ(အနောက်ပိုင်း) မေ ၂၅

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် 'ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ကြစို့' ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးအခမ်းအနားကို မေလ (၂၃) ရက်နေ့ နံနက်(၉) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း(ပုလဲခန်းမ)၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်ဇနီး ဒေါ်ကျော်သက်ထားဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားသည်မှာ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာသင်ကြားချိန်တွင် ကျောင်းစာများကို ကြိုးစားစွာသင်ယူကြရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီးပညာတော်၍ ထူးချွန်ထက်မြက်သောလူငယ်များဖြစ်ရန်လိုကြောင်း၊ မိဘများသွန်သင်ဆုံးမမှု ဆရာ/ဆရာမများသွန်သင်ဆုံးမမှု ဆရာ/ဆရာမများ၏ သင်ကြားမှုများကို စနစ်တကျလေ့လာမှတ်သားပြီး ထူးချွန်စွာအောင်မြင်အောင် ကြိုးစားသင်ယူကြရန်မှာကြား​သည်။ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက ကျောင်းအပ်နှံရေးပြုလုပ်ရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထိုနောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပစ္စည်းများ၊ ကျောင်းဝတ်စုံများ၊ ထီး၊ ကျောပိုးအိတ်တို့ကိုထောက်ပံ့ပေးကြပြီး ဘက်စုံပညာကိုရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုကြသည့် အ.ထ.က(၁၆) ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေများချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်သန်း(ပြန်/ဆက်)