ပန်းဘဲတန်း မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧကရီခန်းမတွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၃ ရက်နေ့ နေ့လည် (၁)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးမင်းအောင်၊ ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌဗိုလ်မှူးယောမင်းကို့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးစိုးဇေယျာငြိမ်းနှင့် အခြေခံပညာ(အထက်၊အလယ်၊မူ)ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးမင်းအောင်က ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင်ရေး၊ ကျောင်းထွက်သူမရှိစေရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများမှ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်မှထောက်ပံ့သည့် စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများအား ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးမင်းအောင်မှလည်ကောင်း၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသည့် ကျောင်းသုံးစာရေး ကိရိယာများအား ဗိုလ်မှူးယောမင်းကို့နှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်တို့မှလည်ကောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကာ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဧကရီ (ပြန်/ဆက်)