တာမွေ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေး များအား “ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ (၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ မြန်မာ့ကျောင်း ” သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းကို ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့်မိဘပြည်သူများပူးပေါင်းပါဝင်၍ နှစ်စဉ်အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်နှစ်စ ယခုလိုအချိန်တိုင်း နိုင်ငံနှင့်တစ်ဝှမ်း ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်ကျင်းပခဲ့ကြပါကြာင်း၊နိုင်ငံတော်မှ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတက်ရောက်သည့် ကလေးများအား ဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းသုံးဖတ်စာအုပ်၊ ကျောင်းဝတ်စုံ(အခမဲ့) ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေး ၊ နိုင်ငံသားတိုင်း အခြေခံပညာကို သင်ယူပြီးမြောက်နိုင်ရန် သင်ကြား၊ သင်ယူမှုလုပ်ငန်းများကို ပညာရေးဌာနမှဆောင်ရွက်သကဲ့သို့ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာ လုံခြုံစွာသင်ကြားနိုင်ရန် တိုင်းအဆင့်၊ ခရိုင်အဆင့် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကလည်း အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အထက်တန်း(၇)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ မူလတန်း (၂၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ ပုဂ္ဂလိက (၉)ကျောင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ကပူးပေါင်း၍ သွေးလွန်းတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျောင်းနေအရွယ်ကလေး၊ လူငယ်တိုင်းအဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေးအတွက် အဆင့်ဆင့်သောကျောင်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်၊ ရပ်မိ၊ ရပ်ဖ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများစုစည်းပူးပေါင်း၍ ကျောင်းအပ်နှံနှုန်း မြင့်မားတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ကျောင်းဝတ်စုံများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား/သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်သော သန့်ရှင်းရေးသုံးပစ္စည်းများအား တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ ဇာတိမာန် ” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)