ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရား၊ စေတီ၊ ပုထိုးများတွင် ဆိုလာမီးတပ်ဆင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ညောင်ဦး မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉  နာရီခွဲအချိန်က စတင်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာဘုရားရှိ ထရန်စဖော်မာ၌ ဆွဲထားသော 11 KV အိမ်တော်လိုင်း(၃)လိုင်းအား ဖြုတ်ချ၍ လမ်းကြောင်းပြောင်းဆွဲမည့် လျာထားလမ်းကြောင်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့် China Foundation for Peace and Development တို့ ပူးပေါင်း၍ လှူဒါန်းသည့် ဆိုလာမီး၊ တိုင်အစုံ(၁၅၀)အား ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိအဆောက်အဉီများ၊ လမ်းများတွင် ညပိုင်းမီးအလင်းရောင်ရရှိစေရေးအတွက် စနစ်တကျစိုက်ထူနိုင်ရေး သက်ဆိုင်ရာဌာနများ၏ ကြီးကြပ်မှုဖြင့် လျာထားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ  ပုဂံမြို့ဟောင်းရှိ မီးငြိမ်းကုန်းဘုရား၊ နွားပြဂူဘုရား၊ မြင်းပြဂူဘုရား၊ တစ်ဝဘုရား၊ ဆင်များရှင်ဘုရား၊ အလိုတော်ပြည့်ဘုရားတို့တွင် ဆိုလာမီးတပ်ဆင်နိုင်မည့် နေရာများ စနစ်တကျတပ်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒီပါလင်း