ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ခရိုင်နှင့်မြို့နယ်)အဆင့်ကျောင်းအပ်နှံရေးသတင်းပတ်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ကျောင်းအပ်နှံရေး” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးဆရာမကြီး ဒေါက်တာစုစုလှိုင်က ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC) ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုတင်ဆက်ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဗဟိုအဆင့်ရရှိသော လူရည်ချွန်မောင်မယ်များအား ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါက်တာစုစုလှိုင်မှ ဆုမျာချီးပေးအပ်ပြီး နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒုတိယဗိုလ်မှုးကြီးဝင်းမောင်သန်းနှင့် ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီအေးတို့က ပေးအပ်ခဲ့သည်။
ကမာရွတ်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအာလုံးကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)