မရမ်းကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

မရမ်းကုန်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များရှိ ပြည်သူများ၏ နေအိမ်များအရောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ ပူးပေါင်း၍ မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှုများ ပြားလာနိုင်သဖြင့် ရေတင်ကျန် နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသည် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား ရပ်ကွက်စုရပ်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုရဲ (ပြန်/ဆက်)