မှော်ဘီ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် အသက် (၁)နှစ်မှ အသက်(၅)နှစ်အောက် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ရောဂါဘယကင်းရှင်းစေရန်ရည်ရွယ်၍ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို မေလ ၂၁ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်က ရပ်ကွက်၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မှော်ဘီပိန္နဲကုန်းရပ်ကွက်၊ ဘွက်ကြီးကျေးရွာ၊ ထိန်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ခင်အေးဝင်းဦးစီးဦးဆောင်၍ မွေးကင်းစမှ၍ အသက်(၂)နှစ်အောက် ကလေးငယ်များကိုလည်း ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကိုလည်း လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ မှော်ဘီမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်တို့တွင်လည်း အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ကလေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ကြောင်း သိရှိရသည်။
ဝင်းဇော် (ပြန်/ဆက်)