ခရမ်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော “ မရှိ၍ မလင်းသူ မရှိစေရ ”အစီအစဉ်ဖြင့် အမြင်အာရုံအားနည်းသူများကို စမ်းသပ်ကုသပေးခြင်းနှင့် ပြည်သူ့ဆေးရုံကြီး၊ သန်လျင်မြို့၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းဆေးကုသခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းမှစ၍ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများက မျက်စိလူနာ (၁၈၄) ဦးကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အတွင်းတိမ်ခွဲစိတ်ရန် လိုအပ်သော လူနာ (၁) ဦးကို ခွဲစိတ်ကုသနိုင်ရေး လွှဲပြောင်းဆောင်ရွက်ပေးခဲ့ပြီး၊ ပြည်သူ့ဆေးရုံကြီး၊ သန်လျင်မြို့မှ အထူးကုဆရာဝန်များ (ဆေးပညာ၊ ခွဲစိတ်၊ ကလေး၊ သားဖွား/မီးယပ်၊ အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့်ခံတွင်း) ပါဝင်သော အထူးကုကွင်းဆင်းအဖွဲ့မှ အထူးကုသမှု လူနာ ( ၆၆၀ ) ဦးကို ကုသပေးခြင်း၊ ဓာတ်မှန်အထူးကုဆရာဝန်ကြီးများကလည်း တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းကိုလည်း တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ရာ လိုအပ်သည်များကို ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကွင်းဆင်းကုသရေးအစီအစဉ်သို့ ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ၊ ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများမှ လာရောက်ပြသသည့်လူနာများအား လိုက်လံကြည့်ရှု ားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရမ်း(ပြန်/ဆက်)