ကလော မေ ၂၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ငုံးသုံကျေးရွာနှင့် ဘော်နင်းကျေးရွာအုပ်စု ၊ညောင်ကုန်းကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်အချိန်တွင် အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲ တောင်ကုန်းတောင်တန်းများတွင်သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကလောမြို့နယ်၊ ငုံးသုံကျေးရွာ၊ သိရီမင်္ဂလာအောင် ဇမ္ဗူဒီပအေးဓမ္မာရုံကျောင်းတိုက်တွင် နေပြည်တော်သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးအကြောင်း၊ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူး နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် သစ်တောဦးစီးဌာနရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမောင်အေးက ရေဝေ ရေလဲဒေသများတွင် လူသားနှင့်သဘာ၀၀န်းကျင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် သစ်ပင်စိုက်ပျိုးနည်းစနစ်များအကြောင်း၊သစ်တောသုတေသန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဆွေလှိုင်က သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း အကျိုးကျေးဇူးအကြောင်း၊ လိုင်းအလိုက် သစ်ပင်စိုက်ပျိုးခြင်း၊အရိပ်ရပင်များကြား စီးပွားဖြစ်သီးနှံစိုက်ပျိုးခြင်းတို့ဖြင့် ၀င်ငွေတိုးပွားစေနိုင်သည့်အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြပြီး ဒေသခံပြည်သူများက ဆွေးနွေးဟောပြောချက်များအပေါ် သိရှိလိုသည်များအားပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အလားတူ ညနေ ၄ နာရီက ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် နေပြည်တော်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးနှင့်အဖွဲ့ဝင်များက အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲ တောင်ကုန်း တောင်တန်းများတွင် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)