တိုက်ကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး မြောင်းတကာ-တိုက်ကြီး 33 KV ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်

တိုက်ကြီး မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မိုးရာသီကာလ၌ လေဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မီးသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ရည်ရွယ်၍ မြောင်းတကာ-တိုက်ကြီး 33 KV ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ ဦးဆောင်ကြီးကြပ်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများက မြောင်းတကာ-တိုက်ကြီး 33 KV ဓာတ်အားလိုင်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ လိုအပ်သောဓာတ်အားလိုင်းကြိုးများ ပြုပြင်ခြင်း၊ ယိုင်နဲ့နေသော ဓာတ်တိုင်များအား တည့်မတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးချိန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(တိုက်ကြီး)