ချမ်းအေးသာစံ မေ ၂၄
သဲဖြူ မဟာမြိုင်တောရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်နှင့် ကိုရီးယားဆရာတော် Mr.Jung Sungu, Bo Mun Jung Sa Yongin Shi , Republic of Korea နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ(၂၃)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ သွားရောက်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် သဲဖြူမဟာမြိုင်တောရကျောင်းဆရာတော်ကြီးနှင့်အဖွဲ့သည် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မဟာမုနိဘုရားကြီး ထိခိုက်ပြိုကျပျက်စီးခဲ့မှုအခြေအနေများ၊ ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထိန်းသိမ်းထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုကြသည်။
ဆက်လက်၍ သဲဖြူမဟာမြိုင်တောရဆရာတော်နှင့်အဖွဲ့အား ဘုရားကြီးရှိစွယ်တော်တိုက်ရှင်းလင်း ဆောင်၌ မဟာမုနိဘုရားကြီး မတ်လ ၂၈ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့မှု CCTV မှတ်တမ်း Video clip အားပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်း၊ မဟာမုနိဘုရားကြီး ဂေါကပအဖွဲ့ဥက္ကဋ္ဌတို့က ထိခိုက်ပြိုကျပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးလျှောက်ထားကာ ဩဝါဒများခံယူပြီးနောက် နေ့ဆွမ်းဆက်ကပ်ခဲ့သည်။
ဆက်လက်၍ သဲဖြူမဟာမြိုင်တောရကျောင်း ဆရာတော်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ ဝင်းယူနတီဟိုတယ်တွင် ခေတ္တသီတင်းသုံးတော်မူပြီးနောက် သဲဖြူ မဟာမြိုင် တောရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်နှင့် ကိုရီးယား ဆရာတော် Mr.Jung Sungu, Bo Mun Jung Sa Yongin Shi , Republic of Korea ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမများမှ ငလျင်ဘေးသင့် ပြည်သူများအတွက် ပေးအပ်လှူဒါန်းသည့် အိမ်ထောင်စု ၅၀၀၀ အတွက် ငွေသား ကျပ် (၅၀၀)သိန်း၊ ဆန်၊ ဆီနှင့် လူသုံးကုန်ပစ္စည်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်