သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ညောင်ရွှေမြို့နယ် ရေပယ်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ညောင်ရွှေ မေ ၂၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရေပယ်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရေပယ်(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သစ်တော၊ သစ်ပင်များ၏ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုပုံများ၊ သစ်တောပြုစုထိန်းသိမ်းခြင်းနည်းလမ်းများ၊ သဘာ ဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရခြင်းအကြောင်းအရင်းများ၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ၊ အစုအဖွဲ့ပိုင်သစ်တောများတည်ထောင်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုး ကျေးဇူးများအကြောင်းလည်းကောင်း၊ သစ်တောဦးစီးဌာန ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမောင်အေးက ရေဝေရေလဲဒေသများအကြောင်း၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးနှင့်  အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်သည် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အသိပညာပေးစာရွက်စာတမ်းများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ(ပြန်/ဆက်)