ထားဝယ် မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ သစ်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က ဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သစ်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသည် အကျိုးရှိသော သင်တန်းတစ်ခုဖြစ်ကြောင်း၊ ဌာနအနေဖြင့် စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်လုပ်ငန်းများအား အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ကိုယ်ရပ်ရွာအကျိုးအတွက် အောင်မြင်သောလုပ်ငန်းရှင် ဖြစ်လာနိုင်ကြောင်း၊ ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ဦးစီးဌာနအနေဖြင့် ဌာနများနှင့်ချိတ်ဆက်၍ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် ဒေသထွက်သီးနှံများဖြင့် နည်းပညာများတတ်မြောက်မည်ဆိုပါက နိုင်ငံတော်အတွက်၊ တိုင်းဒေသကြီးအတွက် အောင်မြင်သောလုပ်ငန်းရှင်ဖြစ်နိုင်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချချက်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားထားရှိရန် လိုအပ်ကြောင်းနှင့် ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နည်းပြဒေါ်ဆုသက်ဌေးက ကြိုတင်၀ယ်ယူထားရမည့် သစ်သီးများနှင့်ဆက်စပ် ကုန်ပစ္စည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သစ်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများအား ဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူ သင်တန်းသား (၂၀)ဦးအား မေ (၂၅)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပြသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)