မိုင်းယောင်း မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာ၌ ယနေ့နံနက်ပိုင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေး၊ မိုင်းယောင်းမြို့နယ်မှ သစ်တောဝန်ခံ ဦးဝင်းခိုင်နှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အင်အား ၁၅၅ ဦး တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးရန် သတ်မှတ် နေရာများ၌ ကျွန်း၊ မန်ဂျန်ရှား၊ စိန်ပန်းနီ၊ ခရေ၊ မယ်ဇလီ၊ ငုစပ်၊ ကံ့ကော် စုစုပေါင်း(၂၅၀) ပင်အား စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)