မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ မေ ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်သားမြို့နယ် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးစံပြကွက်သို့ ရောက်ရှိပြီး  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက နွေစပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေအခက်အခဲမရှိစေရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူး‌‌ပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် တောင်သူများအား စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ် ကျရောက်မှုများကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများတွင် ထိခိုက်မှုများရှိခဲ့ပါ ကြောင်း၊  လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ စာရေးရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်၏ ရည်မှန်းချက်များပြည့်မီအောင် ဝိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မြေအောက်တမံ ဆောင်ရွက်နေသည့် ရိုးစုံကျေးရွာ အနီးရှိ စွန်ချောင်းမြေအောက်တမံနှင့် ဆားတောင်ကျေးရွာအနီးရှိ  ဆားတောင်မြေအောက်တမံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မြေအောက်တမံဆောင်ရွက်နေသည့် နေရာများသို့ ရောက် ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက မြေအောက်တမံများ တည်ဆောက်ရန်အတွက်ဦးစားပေး နေရာရွေးချယ်ရာတွင် ကျေးရွာများနှင့် နီးခြင်း၊ သွားလာရန်လွယ်ကူခြင်း၊ ခြောက်သွေ့ရာသီတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေခက်ခဲမှုရှိသောနေရာ များဖြစ်ခြင်း၊ အနီးအနားတွင် စိုက်ပျိုးမြေဧရိယာများရှိခြင်း၊ ချောင်းကြမ်းပြင်တွင် ရေသိုလှောင်နိုင်သည့် သင့်တင့်သောသဲထုလွှာရှိခြင်း၊ သဲလွှာ အောက်ဖက်သင့်တင့်သော အနက်တွင်ရေလုံမြေလွှာရှိခြင်း၊ တည်ဆောက်ရေးပစ္စည်းများ အလွယ်တကူ ရရှိနိုင်ခြင်းတို့အပေါ် အခြေခံ၍ဦးစားပေးရွေးချယ်ခဲ့မှုများနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေအောက်တမံများတည်ဆောက်ခြင်း ကြောင့် ဒေသခံပြည်သူလူထုအတွက် အထောက်အကူများစွာပြုစေ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အရည်အသွေးစံချိန် စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်ရှိ ကျွန်းဦးဆိုလာစနစ်ရေတင် စီမံကိန်းသို့ သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ဒုဋ္ဌဝတီမြစ်မှ ရေကို ဆိုလာစနစ်ဖြင့် ရေစုပ်တင်၍ စိုက်ပျိုးရေပေးဝေနိုင်ရန် ကျွန်းဦးဆိုလာစနစ် ရေတင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများအတွက် ရရှိမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စီမံကိန်းအတွင်း  လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်