တပ်ကုန်းမြို့၌ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး အသိပညာပေးဟောပြော

တပ်ကုန်း မေ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ပြီး၊ ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ပိုးလောက် လမ်းနှိမ်နင်းရေးအကြောင်း၊ အဘိတ်ဆေးခတ်မည့်အစီအစဉ်များ ဆွေးနွေးဟောပြောခဲ့ပြီးနောက် မြဝတီရပ်ကွက်နယ်မြေအတွင်း အဖွဲ့များခွဲကာ ဘုရားပန်းအိုး၊ ရေကန်၊ ရေစည်ပိုင်း၊ တာယာအဟောင်းနှင့် ရေဝပ်တင်ကျန်ရစ်နိုင်သောနေရာများအား ပိုးလောက်လမ်းပေါက်ဖွားမှုများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်