နေပြည်တော် မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ကလေးငယ်နှင့် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးရေး၊ ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးနှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်နှင့် တာဝန်ရှိသူများက ရေဆင်းကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီး မူကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရဖြစ် မုန့်နှင့်အအေးမျိုးစုံတို့ကို ပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျည်တောင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သွားရောက်ကန်တော့ခဲ့ပြီး အာဟာရဖြစ်စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဝက်စုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးလက်စီမံကိန်းနှင့် စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖြစ် ကျေးရွာနေအမျိုး သမီးငယ်များနှင့်တွေ့ဆုံခဲ့ရာ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက တက်ရောက်လာသူများအား ကျန်းမာရေးနှင့်ပတ်သက်၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး၊ အမျိုးသမီးအကြမ်းဖက်မှုများ မဖြစ်ပွားစေရေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်က ကျေးရွာအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့် အချက်များအား ဆယ်အိမ်စုအဖွဲ့ဝင်များသို့ ထပ်ဆင့်မှားကြားခဲ့ပြီး တက်ရောက်လာသူများအား စာသောက်ဖွယ်ရာများနှင့် ဆေးဝါးများပေးအပ်ခဲ့သည်။
ယင်းနောက် ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ချမ်းမြေ့ဦးတို့က ဝက်စုကျေးရွာအတွင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား တွေ့ဆုံ၍ မိခင်နှင့်ကလေးကျန်းမာရေး အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ကျေးရွာအတွင်းရှိ အိုးစီ၊ ဒိုးပတ်လုပ်ငန်းနှင့် သန့်ရှင်းသာယာလှပရေး ဆောက်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကန်တော့၍ စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)