လှိုင်သာယာ(အရှေ့ပိုင်း) မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ရေးကော်မတီအဖွဲ့၀င်များနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီ၀င်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့ မွန်းလွဲ(၁)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၀င် ခရိုင်တာ၀န်ခံ ဦးဘိုကြည်က စာကြည့်တိုက်များ ဆောင်ရွက်ပြီးစီးသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ရုံးအဖွဲ့မှူး ဦး၀င်းသိန်းက တိုင်းဒေသကြီးမှ ပရိဘောဂနှင့်စာအုပ်စင်များ၊ စာအုပ်၊ စာစောင်များ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း၊ စာကြည့်တိုက်များရှိလိုအပ်ချက်များကို အချက်အလက် အစီရင်ခံစာများနှင့်တကွတင်ပြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက စာကြည့်တိုက်များ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စာကြည့်တိုက်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် လိုအပ်သည့်အခြေအနေများကို အစီရင်ခံစာများနှင့် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရပ်ကွက်ကျေးရွာစာကြည့်တိုက် ကော်မတီအဖွဲ့ဝင်များက လိုအပ်ချက်များကို အသီးသီးဆွေးနွေးပြောကြားရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားသည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)