သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စုပေါင်းဆောင်ရွက်

ရန်ကုန် မေ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိသည်။

မေလ ၂၁ ရက်နေ့မွန်းလွဲပိုင်းက သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ မြယာရိုးကျေးရွာ၊ ကွက်သစ် (၁)၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များစုပေါင်း၍ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြသည်။

သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အသီးသီး၌လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်ချ၍ သတ်မှတ်ရက်အတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)