ကြည့်မြင်တိုင် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့၀င်များက မေလ ၂၁ ရက်နေ့နံနက်ပိုင်းက ကရင်အမျိုးသားရပ်ကွက်အတွင်းသို့ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သောဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာခင်မောင်လွင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ သည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခိုင်ဇာလင်း