ခြင်မှဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

သာကေတ မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ခြင်မှဖြစ်ပွားတတ်သောရောဂါများ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများမှကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေလ၂၀ရက်နေ့နံနက်၉နာရီအချိန်၌ ၁အနော်မာရပ်ကွက်၊၁/ထူပါရုံရပ်ကွက်၊၇/အရှေ့ရပ်ကွက်၊၆/အရှေ့ရပ်ကွက်၊အမှတ်(၉)ရပ်ကွက်၊၁၀/တောင်ရပ်ကွက်စသည့် ရပ်ကွက်များရှိ စုရပ်အသီးသီး၌ ဆေးထိုးအဖွဲ့များခွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အသက်၁နှစ်မှ၅နှစ်အထိရင်သွေးငယ်များအား ဂျပန်ဦးနောက်ရောင်ရောဂါ(Japanese Encephalitis Virus)တွင်ဖြစ်ပွားတတ်သော ကိုယ်ပူခြင်း၊ အားယုတ်ခြင်း၊ အစားပျက်ခြင်း၊ လည်ပင်းနာခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊လမ်းလျှောက်မမှန်ဖြစ်ခြင်း၊ အလင်းရောင်စူးခြင်းကိုမကြည်နိုင်ခြင်း၊ အဖျားတတ်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ ဇက်ကြောတောင့်တင်းခြင်း၊ စကားမပြောနိုင်ခြင်းစသည့်လက္ခဏာများဖြစ်တတ်သောဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြပြီး ရပ်ကွက်ပေါင်း(၁၉)ရပ်ကွက်ရှိ စုရပ်အသီးသီး၌ မေလ(၂၆)ရက်နေ့အထိထိုးနှံသွားမည်ဖြစ်သည်။

သာကေတမြို့နယ်ရှိ ပြည်သူများအား ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများကို ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စာသင်ကျောင်းများနှင့်ရပ်ကွက်များတွင် ခြင်ဆေးမှုတ်ခြင်း၊အဘိတ်ဆေးခပ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သဲထက်ဇင်