ဆိပ်ကြီးခနောင်တို မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကွမ်းယာ၊ ဆေးလိပ်၊ အရက် ဆိုးကျိုးအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ဆမားဒူးဝါးရပ်ကွက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်းက ရပ်ကွက်နေပြည်သူများအား ကွမ်းယာစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုးကျိုးများ၊ ဆေးလိပ်နှင့်အရက် သောက်သုံးခြင်းကြောင့် ရရှိလာမည့် ကျန်းမာရေးဆိုးကျိုးများ၊ လူမှုဒုက္ခများ၊ မိသားစုပြဿနာများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟောပြောပွဲတက်ရောက်လာသူများက ကျန်းမာရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ ဆောင်ရန်/ ရှောင်ရန်များအား မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)