တောင်ဥက္ကလာပမြို့နယ် အမှတ်(၈)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ မေ ၂၃

တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့နံနက် (၁ဝး၃၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့၀င်များက  အမှတ်(၈) ရပ်ကွက်သို့ကွင်းဆင်း၍ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၊ အမှတ် ၃ လမ်းရှိအိမ်များတွင် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သောဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်းအဘိတ်(abate)ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ‌ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ‌အေးအေးမိုးကကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး၊မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်ပရဟိတအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ဆွေနှင်း