ရေဖြူ၌ ဝဥစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ရေဖြူ မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဥစိုက်ပျိုးခြင်းဖြင့်မိသားစု အပိုဝင်ငွေရရှိသဖြင့် ဝဥကို ကျေးရွာအသီးသီးရှိ ဥယျာဉ်ခြံမြေများတွင် အများဆုံး စိုက်ပျိုးကြသည်။

ရေဖြူမြို့သည် မိုးများ‌သည့်ဒေသဖြစ်သည့်အားလျော်စွာ မိုးရွာသည်နှင့် တစ်ပြိုင်နက် မြေကြီးပေါ်၌ ဝဥပင်များ ထိုးထွက်ပေါ်နေပြီဖြစ်သည်။ ဝဥအရိုင်းနှင့် ဝယ်ယူရသော အယဉ်ဟူ၍ နှစ်မျိုးရှိရာ ‌ဝဥအရိုင်းကို တောထဲတွင်သဘာဝအလျောက်ပေါက်ရောက်နေသောနေရာတွင် အလွယ်တကူရှာဖွေကာ မျိုးပင်များယူလာ၍ မိမိအိမ်ဝင်း သို့မဟုတ် ဥယျာဉ်ခြံများတွင် စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။ ဝဥအယဉ်ပင်ကို ဝယ်ယူ၍ စိုက်ပျိုးရသည်။

ရေဖြူမြို့နယ်ရှိ ရော်ဘာခြံများ၊ ကွမ်းသီးပင်နှင့် မန်ဂျန်ရှားပင်စိုက်ခင်းများတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးကြသည်။ မိုးဦးရာသီတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် တူးဖော်ရောင်းချကြသည်။ ဈေးကွက်ဝင်ဝဥမှာ တစ်လုံး ၅၀ကျပ်သားမှ သုံးလေးပိဿာအထိ ရှိပြီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်အထိ ရရှိနိုင်သည်။

တစ်ခါစိုက်ပျိုးပြီးလျှင် ၎င်းမြေနေရာတွင် ပြန်လည်ပေါက်၍ပြန်စိုက်ရန်မလိုပဲ ပေါင်းမြက်ရှင်းပေးရန်သာ လိုသည်။ မြေစေးမှလွဲ၍ မည်သည့်မြေအမျိုးစားမဆို ပေါက်ပြီး ကုန်ကျစရိတ် နည်းပါးသည့် အပင်ဖြစ်သည်။

မိမိခြံဝင်းထဲ၊ ဥယျာဉ်ထဲတွင်ပင် တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ရင်းနှီးမြုပ်နှံမှု များစွာမလိုပဲ မိသားစု အပိုဝင်ငွေ ရရှိနိုင်ပါသည်။ ဝဥ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ရရှိပါက ၁၀ ပေပတ်လည် စိုက်ပျိုးထားရုံနှင့်ပင် ဝင်ငွေ လေးသိန်းနီးပါးရရှိမည်ဖြစ်ကာ တစ်ဧက စိုက်ပျိုးထားပါက သိန်း‌ခြောက်ဆယ်ဝန်းကျင်ရရှိမည်ဖြစ်ကြောင်း ဧကနိကျေးရွာ ဝဥစိုက်ပျိုးထားသော တောင်သူ ဦးသန်းဌေးက ပြောပြပါသည်။ တခြားသွားရောင်းစရာမလိုပဲ ရွာ၌ပင် ဝဥအခြောက် လုပ်ငန်းလုပ်ကိုင်သူကို တိုက်ရိုက်ရောင်းချနိုင်ကြောင်း သိရသည်။

ရေဖြူဒေသ၌ ရာဘာဈေး၊ ကွမ်းသီးဈေး ဈေးမမှီသောနှစ်တွင် မိသားစုဝင်ငွေ ဟန်မပျက်ရပ်တည်နိုင်ပြီး၊ သစ်ရိပ်ဝါးရိပ်အောက် သဘာဝမြေဩဇာဖြင့်ပင် ရှင်သန်ကြီးထွားနိုင်သဖြင့် ရေဖြူမြို့နယ် ရှိရာဖူး၊ လော့သိုင်း၊ ဧကနိ၊ ကလုံးထာကျေးရွာများတွင် ‌ရော်ဘာစိုက်ခင်း၊ ကွမ်းသီးပင်စိုက်ခင်းများ၌ ကြားသီးနှံအဖြစ် အများစိုက်ပျိုးကြကြောင်း သိရသည်။

ဖြူဖြူရှိန်(ရေဖြူ)