ဒဂုံ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဒဂုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် Book Club အဖွဲ့၀င် များပူးပေါင်း၍ မြန်မာ့သနပ်ခါးဆေးဖက်၀င်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို မေ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးမှ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အကြောင်းကိုလည်းကောင်း၊ မြန်မာ့သနပ်ခါး စတင်သုံးစွဲခဲ့သည့် အချိန်နှင့် "ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့ပူးပေါင်း၍ အဆိုတင်သွင်းမှု၊ မြန်မာ့သနပ်ခါးကို ကမ္ဘာကသိသည့် ကမ္ဘာသနပ်ခါးအဖြစ် အသိအမှတ်ပြုကာသနပ်ခါး၏ တန်ဖိုးကိုမြှင့်တင်နိုင်မှု၊ "မြန်မာသနပ်ခါး၏ ဆေးဖက်၀င်မှု၊" ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်အောင် မြန်မာ့သနပ်ခါးတန်ဖိုးမြှင့်တင်မှုတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော အမျိုးသမီးရေးရာအဖွဲ့၀င်များနှင့် book club အဖွဲ့၀င်များက သနပ်ခါးကို ကိုယ်တိုင်သွေးခြင်း၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန်သနပ်ခါးလိမ်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)