ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ ဆောင်ရွက်

ချမ်းအေးသာစံ မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ပြည်​ကြီးမျက်မှန်ရပ်ကွက်၊ ၂၈*၆၈လမ်းထောင့်ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က​ဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲကြသည်။

မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်စုထွန်း၊  မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်၊ ဒုမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ(၂၂) ရက်နေ့မှ ဇွန်လ(၁)နေ့အထိဖြစ်ပြီး “ ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြက်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချမ်းမြေ့မောင်