မိုးညှင်း မေ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အဆိုပါ ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ပညာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ ထောက်ပံ့ ပေးအပ်သည့် ပုံနှိပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို လည်းကောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ကြပြီးနောက် အ.ထ.က(၃)ကျောင်းမှ ကျောင်းသား ကျောင်းသူ များက “ပြည်မြန်မာ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် မေလ(၂၂)ရက်မှ ဇွန်လ(၁)ရက်ထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ရာ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊ ကိုယ်ပိုင်ပညာအထက်တန်းကျောင်း စုစုပေါင်း ကျောင်းပေါင်း(၂၀၀)ကျော် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း