မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ‌ဆောင်ရွက်

မြစ်သား  မေ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ  ယနေ့နံနက်()နာရီအချိန်မှစတင်၍ ကျောင်းအပ်နှံမှုများကို ဆက်လက်လက်ခံ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် အခမဲ့ကျောင်းအပ်လက်ခံပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောလ်ပင်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၄) ကျောင်းရှိပြီး ဘုန်းတော်ကြီးပညာသင်ကျောင်း (၅) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၇) ကျောင်း၊ စုစုပေါင်း (၁၉၆) ကျောင်းရှိရာ ကျောင်းအပ်လက်ခံသည့် မေ (၂၂) ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၆၄၆) ဦး လာရောက်အပ်နှံခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကျောင်းအပ်နှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ရှိသူများက လိုက်လံကြီးကြပ်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးကာလကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) နေ့အထိသတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)