တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား/သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်

တံတားဦး မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် စခန်းသွင်း သင်ကြားနေသည့် ကျောင်းသား/သူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထော်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာသက်ထွန်းအောင်က ကျောင်းသား/သူများအနေဖြင့် ပညာအပြည့်အဝသင်ကြားနေအတွက် ဆေးရည်စိမ်ခြင်‌ထောင်များ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာသီအကူးအပြောင်း ကာလတွင် သွေးလွန်တုပ်ကွေးရောဂါများ မဖြစဟ်ပွားရေး၊ ကျန်းမာရေးအတွက် အထူးဂရုပြု နေထိုင်စားသောက်ရေး စသည်တို့ကို့အကျယ်တဝင့်ရှင်းပြောကြားသည်။ ထို့နောက်ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများသည် ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စခန်းသွင်းသင်ကြားနေသော ကျောင်းသား/သူများ၏  စာသင်ဆောင်အနီးတွင်  ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးရည်ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်နေသူများကို လိုက်လံကြည့်ရှုအားပေးကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား/သူ စုစုပေါင်း(၇၃)ဦးအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထောင်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ဦးရဲတင့်(ပြန်/ဆက်)