‌မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

အောင်မြေသာစံ မေ ၂၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ဧသီတာခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသူများက “ကျောင်းအပ်စို့လေ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ အစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အအမှာစကားပြောကြားကာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် မိဘများအားတိုက်တွန်းပြောကြာပြီး  မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၃၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မိုးဦးအလှ စိမ်းစိုမြသီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် ပုံနှိပ်၊ ဗလာ၊ စာရေးကိရိယာများကို တာဝန်ရှိသူ များက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံပေးအပ်ကြသည်။ ၎င်း‌နောက် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်မိခင်နှင့်ကလးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ကျောင်းအုပ်ကြီးများထံ အလှူငွေများပေးအပ်ကြပြီး အမှတ်(၃၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာသည်သာရတနာ”သီချင်းဖြင့်ဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။ အခမ်းအနားအပြီးတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကျောင်းအပ်နှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)