ကွမ်းခြံကုန်း မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နှင်းအိမွန်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ကျောင်းသူများက မိမိတို့၏ရည်မှန်းချက် လူငယ်နှင့်စာပေ၊လူငယ်နှင်အားကစားစသည့်
ခေါင်းစဉ်များထဲမှ မိမိတို့ကြိုက်နှစ်သက်ရာ စာစီစာကုံးကို ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လစဉ် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ၊ဟောပြောပွဲများ၊စာဖတ်ဝိုင်းများ၊ပြပွဲများ၊ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ဆွေနွယ်