မိုင်းယန်း မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-ရွှေရင်အေးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာ ဦးပိုင်တောင်သူ ဦးအိုက်ပန်၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စံပြစိုက်ကွက်ရိတ်သိမ်းမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မိုင်းလွေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးနှင့် တောင်သူများမှ ရိတ်သိမ်းကြရာ မိုင်းလွေရွာမ ကွင်းအမှတ်(၄/၁)၊ ဦးပိုင်အမှတ်(၇၄)၊ တောင်သူဦးအိုက်ပန်၏ စပါးမျိုးကွဲ-ရွှေရင်အေးစပါးမျိုး နွေစပါးစံပြစိုက်ကွက်တွင် ပျမ်းမျှအထွက်နှုန်း စပါးအစို အထွက်တင်း (၁၁၉.၇၉)တင်း၊ ပျမ်းမျှအထွက်နှုန်း စပါးအခြောက် အထွက်တင်း (၁၁၀.၀၉)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး