ထားဝယ် မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၁၄၀ပေ×၃၀ပေ)RCC သုံးထပ်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း၌ ဘင်ခရာအဖွဲ့နှင့် ပန်းပွား အကများဖြင့် ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့၊ အ.ထ.က(၂)သည် ၁၉၄၅ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အ.မ.က အဆင့်ဖြင့်လည်းကောင်း၊ ၁၉၅၂ခုနှစ်မှ ၁၉၅၇ခုနှစ်အထိ အလက အဆင့်ဖြင့်လည်းကောင်း ၁၉၅၇ ခုနှစ်မှ ယနေ့အထိ အ.ထ.ကအဆင့်ဖြင့်လည်းကောင်း အဆင့်ဆင့် ဖွင့်လှစ်ခဲ့ကာ ကျောင်းသက်တမ်းအားဖြင့် နှစ်ပေါင်း (၈၀)ကျော်ပြီဖြစ်ပြီး ကျောင်းအုပ်အစဉ် အဆက် (၂၁) ဦးရှိပြီး ထားဝယ်မြို့၏ဂုဏ်ဆောင် နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်ချက်ကောင်းမွန်သော ကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ အခြေခံပညာကဏ္ဍ စနစ်သစ်ပညာရေး KG+12 ပညာရေးအရ ဆရာ၊ဆရာမများ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက စာသင်ခန်းထဲရှိ ကျောင်းသား၊ ကျောင်းသူများအားလုံးကို သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်စေရန်၊ အချိန်ကိုတန်ဖိုးထား လေးစားလိုက်နာစေရန်၊ အပြန်အလှန်တန်ဖိုးထားပြီးတစ်ဦးနှင့်တစ်ဦး အချင်းချင်းရိုင်းပင်းကူညီတတ်သည့် အလေ့ အကျင့်ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြစေရန်အတွက် ပြုစုပျိုးထောင်ရာတွင် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့်အတူ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများ၏လိုအပ်ချက်၊ ဒေသ၏လိုအပ်ချက်၊ နိုင်ငံ၏လိုအပ်ချက်များကိုအကောင်းဆုံးတာဝန်ကျေပွန်အောင် တီထွင်ဖန်တီးဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ပြုစုပျိုးထောင်ပေးရန် အရေးကြီးကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏လိုအပ်ချက်အတွက် ကျောင်းဆောင်များ တိုးချဲ့ပေးခြင်း၊ ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ကျောင်းအဆင့်တိုးများဖွင့်လှစ်ပေးခြင်း၊ ဆရာ/ဆရာမများ၊ ပရိဘောဂပစ္စည်းများ၊ စာကြည့်တိုက်များ၊အားကစား ပစ္စည်းများ စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်းဝင်များ အားလုံး မိမိကျောင်းကို မိမိပိုင်ကျောင်းကဲ့သို့ သဘောထားကာ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြ လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဆုငွေချီးမြှင့်ပြီး ကျောင်းဆောင်ဆောက်လုပ်သည့် MTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင် သစ်ဆိုင်ရာမှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးက လက်ခံယူပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
ယခုဖွင့်လှစ်သည့်RCC(၃) ထပ်(၁၄၀ပေx၃၀ပေ)ကျောင်းဆောင်သစ်ကို “ကျောက်စိမ်းဆောင်” ဟု အမည်ပေးထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန ငွေလုံးငွေရင်းဖြင့် MTC ကုမ္ပဏီက ၁၉-၃-၂၀၂၅ ရက်နေ့တွင် ၁၀၀% အပြီးသတ် ဆောက်လုပ်ခဲ့ပြီး ပညာရေးဌာနသို့ ယနေ့ လွှဲပြောင်းအပ်နှံခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက အမှတ်(၂)အခြေခံပညာကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်သည်။
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်အခြေခံပညာကျောင်းတက်ရောက် သင်ကြားကြ မည့်ကျောင်းသား/သူများအား ကျောင်းသားမိဘများ ညီအစ်ကို၊ မောင်နှမများက လာရောက်အပ်နှံ လျက်ရှိရာ ဆရာ/မများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)